လသာ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ လသာမြို့နယ်၊ ဒေသန္တရ ကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျဆေး ထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါ ကာကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ် ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)