တွံတေး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန့်မှုအရ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုနှင့် ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးစေနိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် တွံတေးမြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ကာ မြို့နယ်များအတွင်း လှည့်လည်ရောင်းချသော စျေးကားအစီအစဉ်ကို ယနေ့ နံနက်ပိုင်းက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်း လမ်းမကြီးရှိ၊ အ.ထ.က(၁)ကျောင်းရှေ့၌ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များ အတွင်းလာရောက် ဈေးရောင်းချ ပေးရာသို့ တွံတေးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဆွေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ နှင့် စျေးကော်မတီများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းဈေး ဝယ်ကြစေရေးတို့အတွက် သွားရောက် ကြည့်ရှုခဲ့ကြသည်။ ဈေးလာဝယ်သူ တစ်ဦးကလည်း "ယခုလို သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သားငါးများကို တွံတေးအထိ ဒုတိယအကြိမ် လာရောင်းပေးတဲ့အတွက် ဝယ်ရတာ တော်တော်အဆင်ပြေပါတယ်၊ ပြည်သူ့တွေ့ စျေးသက်သာပြီး၊ လက်ဆတ်တဲ့အသား/ငါး/ဟင်းသီးဟင်းရွက်တွေ စားသုံးနိုင်မှာပါ" ဟု အုန်းပင်စုရပ်ကွက်မှ စျေးဝယ်သူ ဦးဝေလင်း က ပြောပါတယ်။
ယခုကဲ့သို့ ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များဖြစ်သော ကြက်သား ဆန်၊ ဆီ၊ ကြက်ဥ၊ ကုန်ခြောက်မျိုးစုံ ၊ ကုန်စိမ်း(ရှမ်းပြည်နယ်ထွတ်သီးနှံများ)နှင့် ပင်လယ်ရေငံထွတ် ပုဇွန် ၊ကင်းပွန် ၊ပလာတူး၊ ရေဘဝဲ၊ ဂဏန်း၊ ရွှေငါးများကိုစျေးနှန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)