ပန်းဘဲတန်းမြို့နယ်တွင် ရှားပါးအထောက်အထားပြပွဲကျင်းပ

ပန်းဘဲတန်း ဇန်နဝါရီ ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကျင်းပသော ရှားပါးအထောက်အထားများပြပွဲကို ပန်းဘဲတန်းမြို့နယ်၊ အမျိုးသား စာကြည့်တိုက် (ရန်ကုန်) တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် ၁၇၉၆ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ရှားပါးမြန်မာစာ‌အုပ်များနှင့် ၁၇၃၈ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသား‌ထားသော အင်္ဂလိပ်စာအုပ်များ ပြသထားပြီး နှစ်ပေါင်းတစ်ရာကျော်ရှိသော ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ ဗန်းမော်မြို့များ၏ မြင်ကွင်းကျယ်မှတ်တမ်း၊ မြန်မာလူမျိုးများ၏ ဝတ်စားဆင်ယင်မှု၊ ယခင်ကာလ အတွင်းဝန်ရုံး၊ ရွှေတိဂုံစေတီ၊ ဆူးလေစေတီနှင့် အခြားဓာတ်ပုံများ၊ သမိုင်းသုတေသနမှ ထိန်းသိမ်းထားသော ကျောက်စာများကို ပြသထားပြီး သမိုင်းသုတေသနမှထုတ်ဝေသော စာအုပ်များကို ရောင်းချထားသော ဆိုင်ခန်းနှင့် ပြင်ပစာအုပ်အရောင်းဆိုင်များဖြင့် စာအုပ်များကို ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရှားပါးအထောက်အထားပြပွဲသို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများ၊ စိတ်ပါဝင်စားသူ ပြည်သူများ လာရောက်ကြည့်ရှုကြသည်။ ရှားပါးအထောက်အထားပြပွဲကို ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၁ ရက်နေ့ထိ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေခြည်(ပြန်ဆက်)