သံဖြူဇရပ် နိုဝင်ဘာ ၂၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ် အစိုးရ ၏ အစီအစဉ်ဖြင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာအကွယ် (Face Shield ) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် (၇) နာရီအချိန်ခန့်မှစ၍ လူစည်ကားရာစျေးများ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဌာန ဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လူစည်ကားရာစျေးများတွင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face Shield) များကို ပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် သူများအား အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို အလေးထား လိုက်နာကြစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် လုပ်ငန်းကို နိုဝင်ဘာ (၂၇)ရက် နေ့ထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အေးအေးသီ