စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၂၀၁၉-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ နိုဝင်ဘာ ၂၆

၂၀၁၉-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစား သမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီး အားကစား ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက “ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စား လှယ်နှင့်တကွ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အားကစားအသင်းများမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားမောင်မယ်များ အားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်းနှင့် မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးရဲ့ အားကစားအဆင့်အတန်း မြင့်မားဖို့အတွက် ဘက်ပေါင်းစုံကနေ အထူးအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ၂၀၁၈ခုနှစ်က ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၄၁)ခု၊ ကြေးတံဆိပ်(၄၉)ခု နှင့် အဆင့်(၇)ရရှိခဲ့ကာ ၂၀၁၉-ခုနှစ်မှာ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၁)ခု နှင့် ကြေးတံဆိပ်(၆)ခု ပိုမိုရရှိခဲ့တာကို တွေ့ရလို့ ဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲမှာ အားကစားနည်း(၁၈)နည်းမှသာ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သော်လည်း တံခွန်စိုက် ဒိုင်း(၆)ခု ရရှိခဲ့ပါကြောင်းနှင့် ထိုသို့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဂုဏ်ကို အားကစားစွမ်းဆောင်မှုဖြင့် မြှင့်တင်ပေးခဲ့ကြတဲ့ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများနဲ့ အားကစား တာဝန်ရှိသူအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ယခုထက် ပိုမိုအောင်မြင်အောင် စွမ်းဆောင်ပြီး ဆထက်ထမ်းပိုး မြှင့်တင်နိုင်ကြပါစေကြောင်း တိုက်တွန်း မှာကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ဝန်ကြီးထံသို့  ကရာတေးဒို အမျိုးသားအသင်း၊ ဘတ်စက်ဘော အမျိုးသမီးအသင်း၊ U-18 ပြေးခုန်ပစ်အမျိုးသားနှင့် အမျိုးသမီး အသင်း၊ မြန်မာ့ရိုးရာသိုင်းအသင်း စသည့်တို့မှ တံခွန်စိုက်ဒိုင်း (၄)ခုကို  ပေးအပ်ခဲ့ကြပြီးနောက် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီးနှင့် အဖွဲ့က ၂၀၁၉-ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော အားကစားသမားများနှင့် အားကစားအဖွဲ့များအားလည်းကောင်း၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်များအားလည်းကောင်း၊ ၂၀၁၉ ခုနှစ် နိုင်ငံလက်ရွေးစင်များအား လည်ကောင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ပြီး ထူးချွန် အားကစားသမားများနှင့် အုပ်ချုပ်၊ နည်းပြ၊ အဖွဲ့ခေါင်းဆောင်များသို့လည်း အမှတ်တရ ဂုဏ်ပြုဆုများကိုပါ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး အား/ကာ ကော်မတီရန်ပုံငွေ လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကာ အားကစား အသင်းများကိုယ်စား အုပ်ချုပ်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)