ရွှေဘို နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်း မဟာဓါတ်အားလိုင်းပြင်ပဖြစ်သော ကျေးရွာ(၂)ရွာတွင် Solar Mini-gridဖြင့် အိမ်ခြေပေါင်း (၆၄၀)ကျော် လျှပ်စစ်ဓါတ်အား ရရှိသုံးစွဲနေပြီ ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မဟာဓါတ်အားလိုင်း ပြင်ပကျေးရွာများဖြစ်သော တောင်ပြင်ငယ်ကျေးရွာနှင့် ပလူဇဝကျေးရွာတို့သည် မဟာဓါတ်အားလိုင်းမှ (၁၀) မိုင်ကျော်ကွာဝေးပြီး နောင်(၁၀)နှစ်ကျော်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး မရရှိနိုင်သောကြောင့် Solar Mini-Gridဖြင့် လျှပ်စစ်ဓါတ်အားရရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျေးရွာ ၂ ရွာသည် ရေဦးမြို့နှင့် မိုင်(၇၀)ကျော်ကွာဝေးပြီး မဟာဓါတ်အားလိုင်းရောက်ရှိရန် ခက်ခဲသဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၆၀ရာခိုင်နှုန်း ကျေးရွာပြည်သူများမှ၂၀ရာခိုင်နှုန်း နှင့် Mega Global Green Co.ltdမှ ၂၀ရာခိုင်နှုန်းဖြင့် တောင်ပြင်ငယ်ကျေးရွာအား (၉၆၂.၅)သန်းကျပ်ဖြင့်လည်ကောင်း၊ ပလူဇဝ ကျေးရွာအား (၁၀၉၀)သန်းကျပ်ဖြင့် လည်ကောင်း Solar mini-grid နဲ့ကျေးရွာမီးလင်းရေး ဆောင်ရွက်ခဲ့ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအေးထံမှ သိရပြီးအဆိုပါ Solar Mini-Grid မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းကြောင့် တောင်ပြင်ငယ်ကျေးရွာ၌ အိမ်ခြေ (၃၂၀)အိမ်၊ ရွာအတွင်း ဓါတ်မီးတိုင်(၉၇)တိုင်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းများနှင့် ပလူဇဝကျေးရွာတွင် အိမ်ခြေ (၃၂၃) အိမ်၊ ရွားအတွင်းဓါတ်မီးတိုင်(၁၄၄)၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက် ကျန်းမာရေးဆေးပေးခန်းနှင့် တိုက်နယ်ဆေးရုံတို့တွင် အသီးသီး မီးလင်းနေပြီ ဖြစ်သောကြောင့် ကျေးရွာများတွင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများ ပေါ်ထွန်းလာ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကို များစွာအကျိုးပြုလျက်ရှိကြောင်း ၄င်းထံမှသိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)