ပုလဲ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်၊ ဝမ်းဘဲချိုင့်ကျေးရွာအုပ်စု၊ ဇီးပင်စခန်းကျေးရွာ၌ နိုဝင်ဘာ ၂၅ ရက် ၊ မွန်းလွဲ ၂ နာရီက မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တည်ထောင် စိုက်ပျိုးခဲ့သော ကျေးရွာသုံး ထင်းစိုက်ခင်း ( ၅၀ ) ဧကနှင့် သစ်တောထွက်ပစ္စည်း ထင်း ၆ တန်ကျော်အား ဒေသခံပြည်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ကျေးရွာသုံးထင်းစိုက်ခင်း (၅၀) ဧကနှင့် သစ်တောထွက်ပစ္စည်း ထင်း ၆တန်ကျော်အား ဒေသခံ ပြည်သူ များထံသို့ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းက လဲကန်ကြိုးဝိုင်းအကွက်အမှတ် (၂၆)၊ စိုက်ခင်းအမှတ် (၁/၂၀၁၄) တွင် ၂၀၁၄ ခုနှစ်က ယူကလစ်၊ မယ်ဇလီနှင့် ယင်းမာသစ်မျိုးများ တည်ထောင်စိုက်ပျိုးခဲ့သော (၅) နှစ်သားအထက် ကျေးရွာသုံးထင်းစိုက်ခင်း (၅၀) ဧကနှင့် စိုက်ခင်းအမှတ် (၁/၂၀၀၇) တွင် ၂၀၀၇ခုနှစ်က တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံး ထင်းစိုက်ခင်း (၇၅) ဧကမှ ထွက်ရှိသည့် သစ်တောထွက် ပစ္စည်းထင်း ၆ ဒသမ ၈တန်ကို ဇီးပင်စခန်း ကျေးရွာရှိ အိမ်ထောင်စု (၇၀) စုအတွက် လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာသုံး ထင်းစိုက်ခင်း ( ၅၀ )ဧကနှင့်သစ်တောထွက်ပစ္စည်း ထင်း ၆တန်ကျော်အား ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်း ပေးအပ်ရာ ဝမ်းဘဲချိုင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ကျေးရွာထင်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရ သည်။
မြင့်သိန်းစိုး(ပြန်/ဆက်)