ဝန်းသို နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ ငွေကျပ်သိန်း ၁၀၀စီဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၄၅ ရွာ၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၉ ရွာ၊ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၁ ရွာ စုစုပေါင်းကျေးရွာ ၉၅ ရွာတို့တွင် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၂ရွာ၌ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
အဆိုပါ စီမံကိန်းရင်းနှီးမြုပ်နှံမှုအစီအစဉ်ဖြင့် ဆောင်ရွက်မည့်ကျေးရွာများကို ရွေးချယ်ရာတွင် (က) ဦးစီးဌာန ရန်ပုံငွေကျပ်သိန်း(၁၀၀)အပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာမှထည့်ဝင်ငွေများဖြင့် ပေါင်းစပ် ဆောင်ရွက်လိုသည့် ကျေးရွာများ၊ (ခ)အကျိုးခံစားမည့်အိမ်ထောင်စုများသည့် ကျေးရွာများ၊(ဂ) လမ်းပမ်း ဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊(ဃ) ကျေးရွာသူ/ သားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွှတ်မှု၊ တက်ကြွစွာဆောင်ရွက်လိုမှုရှိသည့် ကျေးရွာများ (စီမံကိန်းအား လိုလားစွာ တင်ပြတောင်းဆို မှုရှိသည့် ကျေးရွာများ)၊(င) မည်သည့်စီမံကိန်းမှ မရရှိသေးသည့် ကျေးရွာများ(ဖွံ့ဖြိုးရေးအမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများ)၊(စ) ကျေးရွာများမှ Mini Gird ,SHS နှင့်အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာများ စသည့် ဦးစားပေး ရွေးချယ်ရမည့်အချက်(၆)ဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ် ရွေးချယ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းကို ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ကျေးရွာပေါင်း ၉၅ရွာတွင် ငွေကျပ်သိန်းပေါင်း ၉၅၀၀ အသုံး ပြုကာ လမ်း၊ တံတား၊ ရေ၊ မီးနှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာတစ်ရွာလျှင် (VDP)စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀စီဖြင့် အလယ်ခုံ ၊ ကံကုန်း၊ ပန်းတိမ်ကုန်း၊ ကျူတော၊ ဆည်ကြီးရွာသစ်၊ ဆည်ကြီးရွာဟောင်း၊ ကနဖော့၊ ကျွန်းကုန်း၊ ငါးရံ့ ချောင်း၊ နမလင်၊ ကံကုန်း၊ အောင်သာကုန်း၊ မှန်လွဲကုန်း၊ ညောင်အင်း၊ အင်္ဂါး၊ ထန်းတော၊ ဖီလေး၊ ဇီးဖြူကုန်း၊ မအူတော၊ နောင်ကွင်း၊ ရွာသာနှင့် ညောင်ကိုင်းကျေးရွာ စုစုပေါင်းကျေးရွာ ၂၂ရွာ တို့တွင် ငွေကျပ်သိန်း ၂၂၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)