လှိုင်းဘွဲ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အဓိကသီးနှံအဖြစ် မိုးရာသီတွင် စပါး၊ ဆောင်ရာသီတွင် မြေပဲ၊ ပဲပုတ်၊ နှမ်းနှင့်ကြံတို့ကို စိုက်ပျိုးထားရှိရာ မြေပဲစိုက်ပျိုးမှု ဧက (၈၀၀၀) ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးအကူအညီဖြင့် မြေပဲစိုက်ပျိုးတောင်သူများက မြေပဲ စိုက်ပျိုးခြင်းကို အောက်တိုဘာလ တွင် စတင်စိုက်ပျိုးခဲ့ပြီး မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် (၂) တင်းခွဲဖြင့် လူအင်အားမလိုပဲ မြေပဲမျိုးစေ့ချစက်ဖြင့် စိုက်ပျိုး ထားကာ မြေပဲပင်များ ပေါက်လာချိန်တွင် အထွက်နှုန်းကောင်းမွန်ရေးအတွက် မြေသားများဖွပေးခြင်း၊ ဓါတ်မြေဩဇာ ကျွေးခြင်းနှင့် ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ (၄)လအကြာတွင် မြေပဲများကို ရရှိလာမည်ဖြစ်ပြီး မြေပဲများကို ဆီထွက်သီးနှံအဖြစ် ဈေးကွက်တွင် တင်ပို့ရောင်းချ ပေးပြီး မြေပဲစိုက်ပျိုးတောင်သူများ အဆင်ပြေ လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မြေပဲစိုက်ပျိုးခြင်းကို စိုက်ဧက(၈၀၀၀)ဧကလျာထားခဲ့ပေမယ့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုကြောင့် တောင်သူတွေက စိတ်ဝင်စားလာပြီး စိုက်ပျိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မြေပဲနဲ့ပတ်သက်ပြီး လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာဟာ နှစ်စဉ် စိုက်ဧကများတဲ့အတွက် ကျွန်တော် တို့ရွေးချယ်ပြီး ပိုမိုဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)