ငါးကြီးဖမ်းရာသီတွင် ဆိပ်ကမ်းသာရေလုပ်သားများ မိသားစုဝင်ငွေရရှိ

ဆိပ်ဖြူ     နိုဝင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၌ ဧရာဝတီမြစ်အတွင်းရေလုပ်ငန်းလုပ်ကိုင်ကြသည့် ဆိပ်ကမ်းသာရေလုပ်သားများ ငါးကြီး ဖမ်းရာသီတွင်  ငါးများရရှိကြသည့်အတွက် မိသားစုဝင်ငွေ အဆင်ပြေကြကြောင်းသိရသည်။

ဆိပ်ဖြူမြို့ ဆိပ်ကမ်းသာရေလုပ်သားများသည် ဧရာဝတီမြစ်ကိုအမှီပြု၍ မိသားစုစားဝတ်နေရေးအတွက် ရေလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလသည် ရေလုပ်သားတို့ အများဆုံးအဆင်ပြေသည့် ငါးကြီးများရရှိသည့် ကာလဖြစ်သည့်အတွက် ရေလုပ်သားများ၏ မိသားစုဝင်ငွေများစွာ ရရှိသည့်ကာလဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းသာတွင် ရေလုပ်ငန်းလုပ်ကိုင်သည့် အိမ်ခြေ(၉၀)ကျော်ရှိပြီး လှေအစင်း(၇၀)ကျော်ဖြင့် နှစ်ပတ်လည် ရေလုပ်ငန်းကို လုပ်ကိုင်ကြပြီး ငါးရစ်ငါသန်ကာလတွင် ငါးဖမ်းခြင်းလုပ်ငန်းကိုရပ်နားထားကာ ငါးကြီးဖမ်းရာသီအတွက် လှေများပြုပြင်ခြင်း ၊ငါဖမ်းပိုက်များပြုပြင်ခြင်းနှင့် ပိုက်သစ်ထိုးခြင်းများကို ကြိုတင်ပြင်ဆင်ခဲ့ကြောင်း ၊ ငါးကြီးဖမ်းရာသီကာလရောက်ရှိသည်နှင့်  ရေလုပ်သားများက မြစ်အထက်ပိုင်း လမ်းရွာရေနံမြေအနီး သောင်ပြင်ကို မိသားစုအလိုက်သွားရောက် နေထိုင်ချက်ပြုတ် စားသောက်၍ လှေအလှည့်ကျတန်းစီရပြီးစောင့်ဆိုင်းရကြောင်း ကိုယ့်လှေ အလှည့်ရောက်ပြီဆိုလျှင် မြစ်အထက်ကနေ မြစ်အောက်စုန် ပိုက်ချမျှောလိုက်၍ ငါးဖမ်းဆီးရကြောင်း တစ်နေ့လျှင်တစ်ကြိမ်သာအလှည့်ကျပိုက်ချခွင့်ရကြောင်း အလှည့် တိုင်းတော့ ငါးရရှိတာမဟုတ်ဘဲ ဒီနှစ်ငါးကြီးဖမ်းရာသီ အနှစ်ချုပ်ဝင်ငွေ ယခင်နှစ်ကငါးအရနည်းသူတွေက (၇)သိန်းဝန်းကျင်ခန့် ငါးအရများသူကတော့ (၁၅) သိန်းခန့် ရရှိခဲ့ကြောင်း  ယခုကာလက ငါးတန် ၊ငါးထွေ ၊ငါးမောင်းမ တို့အမိများပြီး ငါးတစ်ကောင် လျှင် ၅ပိဿာအထက်တွင်ရှိပြီး ငါးတစ်ပိဿာ ဖောက်သည်ဈေးဆိုလျှင် (၃၅၀၀)ကျပ်နှင့် (၅၀၀၀)ကျပ်ဝန်းကျင်ရရှိပြီး ဈေးအတွင်း ကိုယ်တိုင်ရောင်းချမည်ဆိုလျှင်တစ်ပိဿာ (၆၅၀၀) ကျပ်မှ  (၉၀၀၀) ကျပ်လောက်အထိရရှိကြောင်း ဒီရာသီမှ ရရှိသော ဝင်ငွေများက ငါးကြီးမဖမ်းရ ရာသီမှာ နေထိုင်စားသောက်ရေးစုဆောင်းရသည့်အတွက် ငါးကြီးဖမ်းရာသီကို ရေလုပ်သားများက အားထည့်လုပ်ကိုင်ကြပြီး အခြားရာသီမှရရှိသောဝင်ငွေကိုနေ့စဉ် မိသားစု နေထိုင်စားသောက်ရေးအတွက် ရှာဖွေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရှိရသည်။

ကိုဇွဲ(အညာမြေ)