အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၅၄)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန်          နိုဝင်ဘာ        ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က (၅၄)ဦး နေအိမ် ပြန်ခွင့်ရရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊အနံ့ပျောက်သူ များကို Quarantine Center များ ဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI)ကျောင်း ဝင်းအတွင်း Contact Person များ ထားရှိရန် Quarantine Center (၃)ခု၊အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများ အတွက် Quarantine Center (၁)ခု၊ မြို့နယ်အတွင်းမှ  Contact Person များ ထားရှိရန် အင်းစိန် အ.ထ.က(၃)နှင့် အ.ထ.က(၆) ကျောင်းတို့ကို Quarantine Center များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။

 အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center (၆)ခုတွင် ဝင်ရောက်နေသော ပြည်သူ များအနက် အင်းစိန်(GTI) Quarantine Center (၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက် ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၅၄)ဦးကို ကျန်းမာရေးဌာနမှ ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံစာများကို ပေးအပ်ခဲ့ပြီး အိမ်ပြန်ခွင့်ပေးခဲ့ရာ အိမ်ပြန်ရန် အခက်အခဲရှိသူများအား အင်းစိန်မြို့နယ်၊ ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက နေအိမ်များသို့ အိမ်တိုင်ရာရောက် ကား(၂)စီးဖြင့် အသီးသီး ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ(၅၄)ဦးသည် မိမိနေအိမ်တွင် Home Quarantine (၇)ရက် နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)