အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်          နိုဝင်ဘာ        ၂၆

ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင်သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉) နာရီက မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာ ရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်း၊ ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးစေခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပေးခြင်းစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)