၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲဝင် ဓာတ်ပုံများအား စိစစ်အကဲဖြတ်ဆုရွေးချယ်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၆


၂၀၂၁ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသောခေါင်းစဉ်ဖြင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားတို့၏ စည်လုံး ညီညွတ်မှုများ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှုများ၊ နိုင်ငံသားတို့၏ စည်းကမ်း ပြည့်ဝမှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကိုဖော်ညွှန်းရိုက်ကူးထားသည့် ရောင်စုံ ဓာတ်ပုံများဖြင့် ပါဝင် ယှဉ်ပြိုင်ကြရန် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီက ပြိုင်ပွဲဝင်များအား အသိပေးနှိုးဆော်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲဝင်ရောင်စုံ ဓာတ်ပုံများအား ဓာတ်ပုံပညာရှင်များက စိစစ်အကဲဖြတ် ရွေးချယ်မှု များကို ယနေ့နေ့လယ် (၁) နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်ဦးရေ(၂၀၉)ဦးတို့က ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း(၁၁၁၆)ပုံကို ဓာတ်ပုံပညာရှင်များက ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ်စိစစ်ရွေးချယ်ခဲ့ကြရာ ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်းငါးသောင်း၊ တတိယဆု ကျပ်နှစ်သိန်း၊ အထူးဆု ငါးဆုအား တစ်ဆုလျှင် ကျပ်တစ်သိန်းစီတို့ကို အသီးသီးရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)