ရန်ကင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကင်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရန်ကင်း မြို့နယ်၊ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက်ခဲ့ သည်။

အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန် အတွက် ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ သည်။

ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ် ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေ ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ခင်လေး(ပြန်/ဆက်)