ဝက်လက် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးဝင်ငွေတိုးတက်စေရေး AIIP အကူအညီဖြင့် ၃၁၅ ဒဿမ ၀၉ ဧက အဆင့်မြင့် လယ်ယာဖော်ထုတ်နေမှုတို့ကို ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် အကောင်အထည်ဖော်ရေး အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အဆင့်မြင့်လယ်ယာ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း မြို့နယ်အဆင့် အကောင်အထည်ဖော်ရေး အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်အုန်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများကကြည့်ရှုခဲ့ကြရာ “အဆင့်မြင့် လယ်ယာဖော်ဆောင်ရွက်နေမှု အခြေအနေမှာ ယနေ့အချိန်တွင် ၅၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊ ယခုနှစ်မေလကုန် အပြီး ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ဇွန်လဆန်း စိုက်ပျိုးရေပေးဝေချိန်တွင် ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက် နေပါကြောင်း” မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင် နှင့် အင်ဂျင်နီယာများက ရှင်းလင်းပြသခဲ့ကြသည်။
JICA ချေးငွေထောက်ပံ့မှုအစီအစဉ်ဖြင့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (AllP) အရ အဆင့်မြင့်လယ်ယာ အကောင်အထည်ဖော်ဆောင်ခြင်းမှာ ယခင်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ရွှေဘိုမြို့နယ်၊ လိပ်ချင်းကျေးရွာတွင် ၅၇၅ ဧက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရွာတော်ကုန်းကျေးရွာတွင် ၃၁၅ ဒဿမ ၀၉ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကသိရသည်။
ဥမ္မာဝင်း(ဝက်လက်)