ကွမ်းခြံကုန်း နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေး ငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကာကွယ်ဆေး စတင်ထိုးနှံခြင်း လုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပေးဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်သူက သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ကွမ်းခြံကုန်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူထားသော အမျိုးသမီးငယ် ၁၂၄၉ ဦးခန့်ရှိပြီး လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ တစ်နေ့လျှင် ကာကွယ်ဆေးထိုးနှံမည့် တစ်နေရာ၌ လူဦး ရေ ၅၀ ဦးခန့်သာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ထွန်းထွန်းစိုး (ပြန်/ ဆက်)