သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ အာဟာရ အားဖြည့်အချိုရေဘူးများ ပေးအပ် လှူဒါန်း

သန်လျင် နိုဝင်ဘာ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်) သို့ Otsuka Myanmar Co., Ltd. မှ ပေးပို့လှူဒါန်းသော ဒုတိယအကြိမ် Pocari Sweat အာဟာရအား ဖြည့်အချိုရည်ဘူးများအား သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ အမှန်တကယ် လိုအပ်နေရာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါ အဖွဲ့ထံမှ သိရသည်။

သန်လျင်မြို့ အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်) သို့ ပေးပို့လှူဒါန်းသော Pocari Sweat အာဟာရ အားဖြည့်အချိုရေဘူးများအား အမှန်တကယ်လိုအပ်သော သီတဂူဗုဒ္ဓတက္ကသိုလ် (သန်လျင်)သို့ Pocari Sweat အဟာရအားဖြည့်အချိုရည် (၉) ဖာနှင့် အခြေခံစားသောက် ကုန်လှူဖွယ်ပစ္စည်းများ၊ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီး သို့ Pocari Sweat အာဟာရအားဖြည့်အချိုရည် (၁၆) ဖာ၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီသို့ Pocari Sweat အဟာရ အားဖြည့်အချိုရည် (၂၁) ဖာနှင့် Syriam Brother Group (သန်လျင်ညီအစ်ကိုများ) လူမှုကူညီဆောင်ရွက်ရေးပရဟိတအဖွဲ့ထံသို့ Pocari Sweat အာဟာရအားဖြည့်အချိုရည် (၂၀၀) ဘူးတို့အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အရိပ်စစ်ပရဟိတအင်အားစု (သန်လျင်)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အတွက် “လူမှုဘဝညီမျှဖို့ မျှဝေကြပါစို့” အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များအား အမှန် တကယ်လိုအပ်သောပြည်သူများ အလွယ်တကူ ယူဆောင်နိုင်ရေး Food Box ဖြင့်ဆောင်ရွက် ပေးထားကြောင်းနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုယ်တိုင်ချုပ် လုပ်သော ပြည်လည်အသုံးပြုနိုင်သည့် ပါးစပ်နှားခေါင်းစည်း Mask များအား ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရုံးဌာနများနှင့် လူစည်းကားရာ ဈေးများ၊ ကားဂိတ်များ၌ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)