ဝေါ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်၊ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်၊ ဝေါမြို့နယ် ခန်းမတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်း အနား ဖွင့်လှစ်ခဲ့ပြီး ဝေါမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၀)ကျောင်းမှ ဆရာတော်ကြီးများနှင့် သဒ္ဒမ္မပါလ ကျောင်းဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဇွဲမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးပညာဓိကသီရိထံမှ ကထိန်အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်း အနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးနှင့် လွှတ်တော်ကိုယ်စားများ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ အလှူရှင်များနှင့် တာဝန်ရှိ သူများက ဝေါမြို့ပေါ်ကျောင်း(၂၀)ကျောင်းရှိ ဆရာတော်ကြီးများနှင့် သံဃာတော်အပါး(၃၉၉)ပါး အတွက် ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြတ်လင်း (ပြန်/ဆက်)