ဇီးကုန်း နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်မှ ရန်ကုန်မြို့သို့ ဆေးကုသရန် သွားရောက်ပြီးပြန်လာသူ အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ COVID-19 ANTIGEN (RDT) RAPID TEST KIT ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက သွားရောက် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။
အဆိုပါလူနာ၏ မိသားစုဝင်များနှင့် ထိတွေ့သူ(၁၉)ဦးအား RDT Test ဆက်လက်စစ်ဆေးခဲ့ရာ (၄) ဦးထပ်မံတွေ့ရှိ၍ စုစုပေါင်း(၅) ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မေတ္တရှင်နာရေးကူညီမှုအသင်းတို့မှ မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အဆိုပါနေအိမ်ပတ်ဝန်းကျင်နှင့် လမ်းတစ်လျှောက်တွင် ပိုးသတ်ဆေးပက်ဖြန်းခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ(၄၆)ဦးရှိရာ လက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာခန်းတွင် (၁၃)ဦး ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်လူနာများမှာ ကျန်းမာရေးသက်သာကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ သေဆုံးမှု မရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)