စစ်ကိုင်း နိုဝင်ဘာ ၂၇
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အုန်းတော နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ အောင်သာကျေးရွာအုပ်၊ ရွာသစ် ကျေးရွာတောင်သူ ဦးသန်းလှိုင်ဦး ကွင်းအမှတ် (၆၂၃/ ၁၆၀၅) ဦးပိုင် အမှတ်(၈၆)မှ ဆင်းရတနာ(၃) နှမ်းမျိုး(၅)ဧကအား စံပြ ရိတ်သိမ်းမှုအပေါ် ရိတ်သိမ်းချိန်လွန် နည်းပညာလိုက်နာဆောင်ရွက်နိုင်ရန် ယမန်နေ့၊ နေ့ပိုင်းက ကွင်းဆင်းကြီးကြပ် ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ ဌာနအနေနဲ့ မိုးစပါးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူတွေကို သီးနှံများ အထွက်နှုန်းကောင်းစေရန် သက်ဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးဝေလျှက်ရှိပါတယ် အခုလည်းပဲ ဆင်းရတနာ(၃)နှမ်းမျိုး(၆.၆)ပေ စံကွက်ရိတ်သိမ်းခြင်းဖြစ်ပါတယ်။ ရိတ်သိမ်းလိုက်တဲ့အခါ နို့ဆီဘူး(၁.၅) ဘူးဆိုတော့ တစ်ဧကအထွက်နှုန်း (၁၁.၇၁) တင်းခန့် ထွက်ရှိမှာပါ အစေ့(၁၀၀၀) အလေးချိန်(၂.၉)g ချိန်တွယ် ရရှိခဲ့ပါတယ်။ အထွက်နှုန်းကောင်းတယ်လို့ဆိုရမှာပါ ထွက်ရှိလာတဲ့ မျိုးစေ့ကိုလည်း ထိန်းသိမ်းရမဲ့ နည်းပညာ တွေဖြန့်ဝေပေးသွားမှာပါ" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများစိုက်ပျိုးထားရှိသည့် မိုးသီးနှံ၊ ဆောင်းသီးနှံများအပေါ် မြေပြုပြင် စိုက်ပျိုးခြင်း မှ အစပြု၍ ရိတ်သိမ်းချိန်အထိ သက်ဆိုင်ရာနည်းပညာများ ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင် (ခရိုင်ပြန်/ဆက်)