လှိုင်းဘွဲ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးအတွက် ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ ပါဝင်၍ အခြေခံစားသောက်ကုန်များ ပြန်လည်ဖွင့်လှစ် ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်ဆေးရန် နေရာများ ထားရှိရန်၊ ဆိုင်ထိုင်စားသောက်သူများအနေဖြင့် နေရာများ စနစ်တကျသတ်မှတ်ရန်၊ အသိပညာပေး ဗီနိုင်းများ ထားရှိပေးရန်၊ ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များ၊ စားသောက်ဆိုင် ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့် အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)