အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရေး အရိပ်ရပျိုးပင်ပေါင်း ၉၇၇၅၀ ပင် စိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ     နိုဝင်ဘာ       ၂၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း အပူဒဏ် ကာကွယ်နိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် အရိပ်ရပျိုးပင်ပေါင်း ၉၇၇၅၀ ပင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ကျေးရွာသုံးစိုက်ခင်း အခြားစိုက်ခင်း (အထူးစိမ်း) တစ်အုပ် တစ်မစိုက်ခင်း နှင့် (အထူးစိမ်း)တောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းဟူ၍ စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။  

ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ရှား ယူကလစ် မြန်မာကုက္ကို ဒဟက် ယင်းမာ ဖျောက်ဆိပ် တမာ ပိတောက် မျှင်ဝါး အစရှိသည့် အရိပ်ရပင်ပေါင်း ၉၇၇၅၀ ပင် အား စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ အဆိုပါ အရိပ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထွန်း အနီးကပ် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ကြိုတင်၍ သစ်ပင်များ စိုက်ပျိုးရန် မြေကျင်းများ တူးဖော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေနဲ့ နှစ်စဉ် မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး အရိပ်ရပင်များ စိုက်ပျိုးဆောင်ရွက် လျက်ရှိပါတယ်။ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း အရိပ်ရပင်ပေါင်း ကိုးသောင်းကျော်ကို စိုက်ပျိုးဆောင်ရွက်သွားဖို့ ရှိပါတယ်။ လက်ရှိမှာတော့ အရိပ်သစ်ပင်တွေ အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် မြေကျင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နေပါတယ်။ စိုက်ပျိုးမှု အနေနဲ့ကတော့ (/၂၀၂၀)ကျေးရွာသုံးစိုက်ခင်း(၁၀၀)ဧက အတွက် ယူကလစ် ရှား မျှင်ဝါး စုစုပေါင်း အပင်ရေ ၅၄၀၀၀ စိုက်ပျိုး သွားမှာဖြစ်ပြီး (/၂၀၂၀) အခြားစိုက်ခင်းအနေနဲ့ ဧက(၂၀)မှာ ယူကလစ်နဲ့ ရှား အပင်ရေ စုစုပေါင်း ၂၄၂၀၀ ပင် စိုက်ပျိုး သွားမှာဖြစ်ပါတယ်။ နောက်ထပ် (/၂၀၂၁) အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းအနေနဲ့ တမာ မြန်မာ ကုက္ကို ယင်းမာ ဒဟက် ဖျောက်ဆိပ် စုစုပေါင်း အပင်ရေ ၁၅၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်  (/၂၀၂၁) အထူးစိမ်း တောထိန်း ဧရိယာ ကွက်လပ်ဖြည့်စိုက်ခင်းအနေနဲ့ တမာ၊ မြန်မာကုက္ကို ယင်းမာ ဒဟက် ဖျောက်ဆိပ် ပိတောက် ရှား စသည့် အရိပ်ရပျိုးပေါင်း ၅၀၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ယခုလို ကျွန်တော်တို့ဌာနအနေနဲ့ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နဲ့ ရာသီဉတု အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပင်များ စိုက်ပျိုးဆောင်ရွက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းတွေမှာ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာစေပြီး သစ်တောသစ်ပင်တွေကို တန်ဖိုးထား ထိန်းသိမ်း တတ်လာစေဖို့၊ သစ်တောသစ်ပင်တွေ ပြုန်းတီးမှု ကြောင့် ကြုံတွေ့နေရတဲ့ ရာသီဉတု ပြောင်းလဲမှုဂေဟစနစ်ကို မျှတအောင် ထိန်းညှိပေးနိုင်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်ရ ခြင်း ဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ်အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်း က ပြောကြားခဲ့သည်။ 

ရဲဝင်းနိုင် (ညောင်ဦး)