ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပေးခြင်းများဆောင်ရွက်

ပေါက်ခေါင်း   နိုဝင်ဘာ   ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွား စေရေး အတွက် အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်များဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်တို့နှင့် ပက်သက်၍ အသိပေး ဆော်ဩခြင်းများကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပေါက်ခေါင်းမြို့ မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီး ရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းလုပ်ငန်းများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပေါက်ခေါင်းမြို့ပေါ် ရပ်ကွက်များနှင့်မြို့မဈေးကြီးရှေ့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သည့် ဆောင်ရန်၊ရှောင်ရန်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများသိရှိစေရန် လော်စပီကာဖြင့် လှည့်လည်ကြေညာပေးခြင်း၊ လူသွားလူလာများသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ထား ကြေညာထားရှိခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ အကူအညီ တောင်းခံလိုပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသော Hot-Line ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆, ၀၆၇-၃၄၀၄၇၇၇ သို့ အရေးပေါ်ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)