ကျောက်တန်း နိုဝင်ဘာ ၂၇
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများတွင် စားသောက်ကုန်နှင့် သားငါးအသီးအနှံများနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ ကိုသာ ရောင်းချခွင့်ပြုထားပြီး အခြားဆိုင်များဖွင့်လှစ်ရောင်းချခြင်း မရှိစေရေးနှင့် Mask စနစ်တကျတပ်ဆင်ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီက စည်ပင်သာယာမြို့မဈေး၊ ယာယီဈေးများ၊ ကျောက်တံတားဇက်ဆိပ် နှင့် ကားဂိတ် တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များရှိ ခရီးသွားပြည်သူ များအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြချက်များအား အလေးထား လိုက်နာ ကြရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်း များကို လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask မပါသူများအား Mask များအခမဲ့ တပ်ဆင် ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဦးဆောင်ပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူထုလှုပ်ရှားမှုအနေဖြင့် Mask စနစ်တကျတပ်ဆင်ရေး အသိပညာပေး ခြင်းများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)