မုံရွာ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှိ ဖျားနာအဆောင်တွင် ယင်းမာပင်မြို့နယ်မှ လာရောက်၍ ဆေးကုသမှုခံယူနေသူ (၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်း မုံရွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
သေဆုံးသူ အမျိုးသမီးသည် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးရှိ ဖျားနာအဆောင်တွင် ဆေးကုသမှု ခံယူနေသူတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
“လူနာက ယင်းမာပင်မြို့နယ်က လာပြီးဆေးရုံလာတက်တယ်၊ နဂိုကတည်းက နှလုံးလဲမကောင်းဘူး၊ အဆုတ်လဲ မကောင်းဘူး၊ မုံရွာပြည်သူ့ဆေးရုံကြီးကို (၂၀)ရက်နေ့က ရောက်တယ်၊ ဖျားနာအဆောင်မှာ ဆေးကုသနေတယ်၊ မုံရွာမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာကတော့ (၄၀)ဦးကျော်ရှိပါတယ်” ဟု မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအာကာမြင့် က ပြောကြားသည်။
မုံရွာမြို့နယ်အနေဖြင့် နိုဝင်ဘာလ(၂၆)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၄၅)ဦးရှိပြီး ဆေးရုံဆင်းခွင့် ရရှိသူ (၃၆)ဦးရှိရာ ဆေးကုသမှု ခံနေသူ(၉)ဦးသာ ကျန်ရှိကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
မုံရွာခရိုင်(ပြန်/ဆက်)