ကလေး နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များအား Take Away(ပါဆယ်) စနစ်ဖြင့်သာ ရောင်းချစေခဲ့သော်လည်း ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင် ရန်အတွက် နိုဝင်ဘာ ၂၁ရက်နေ့မှစတင်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စားသောက်ဆိုင်များ လက်ဘက်ရည်ဆိုင်အတွင်း စားသုံးသူများ ထိုင်ရမည့်နေရာတွင် Social Distancing အရ ကတ်ထူပြား၊ မှန်ပြား အစရှိသည်တို့ကို အကန့် ကန့်ထားခြင်းရှိ/ မရှိကိုလည်းကောင်း၊ လက်ဆေးဘေစင် ထားရှိခြင်းရှိ/မရှိကို လည်းကောင်း၊ စားပွဲတစ်ခုနှင့်တစ်ခုအကြား (၆)ပေခန့်အကွာထားရှိခြင်း ရှိ/မရှိကို လည်းကောင်း၊ ပန်းကန်များ ဇွန်းများအား တစ်ခါသုံးပစ္စည်းများ(သို့) ပိုးသတ်ထားသည့်အရာများကို အသုံးပြုရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေးပိုစတာကပ်ထားခြင်း ရှိ/မရှိတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စားသောက်ဆိုင်များ၊ လက်ဘက်ရည် ဆိုင် များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြသည်။
“ကျွန်တော်တို့အခုစစ်ဆေးနေတဲ့ထဲမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း အဆင့်(A)ရရှိတဲ့ ဆိုင်တွေကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ဆိုင်ထိုင်ရောင်းချခွင့်ပြုသွားမှာပါ၊ အခုလိုဆိုင်ထိုင်တဲ့ အခါမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်ပိုင်ရှင်တွေ အနေနဲ့ စားသုံးသူ တွေကို ကိုယ်အပူချိန်တိုင်းတာတွေ၊ လက်ဆေး ဘေစင်တွေမှာ စနစ်တကျ လက်ဆေးခိုင်းမယ်၊ နှာခေါင်းစည်း တပ်ထားတဲ့ သူတွေကိုသာ ဆိုင်အတွင်း ဝင်ရောက်ခွင့်ပြုရမှာပေါ့၊ ဆိုင်အခင်းအကျင်းတွေမှာ ထိုင်ခုံတစ်ခုနဲ့တစ်ခု (၆)ပေလောက် အကွာ လောက် ထားရှိရပါမယ်၊ အဆင့်(B)နဲ့(C)ရရှိတဲ့ ဆိုင်တွေကိုတော့ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့်ပြုလို့မရသေးပါဘူး” ဟု မြို့နယ် စည်ပင် သာယာရေးကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင့်လွင်က ပြောကြားခဲ့သည်။
ကလေးမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များရောင်းချသူများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများအား ကိုယ်အပူချိန် လက္ခဏာများရှိ/မရှိစစ်ဆေးနိုင်ရန်အတွက် ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်းတွင် စနစ်တကျလေ့ကျင့် သင်ကြားပေးပြီး ဝန်ထမ်းများနှင့် စားသုံးသူများအား စစ်ဆေးပေးရန်၊ သံသယရောဂါ လက္ခဏာများရှိပါက စားသောက်ဆိုင် အတွင်း ဝင်ရောက်ခွင့်မပြုရန်၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး (၆)ပေခန့်အကွာတွင် နေထိုင်သွားလာ စေရန်၊ စားသောက်ဆိုင်ဝန်ထမ်းများ အတွက် အိပ်ဆောင်ရှိပါက တစ်ဦးနှင့်တစ်ဦး(၆)ပေခန့်အကွာတွင် နေရာချထားပေးရန်၊ စားသုံးသူများ ငွေရှင်းပြေစာနှင့်ငွေများရယူခြင်း၊ ငွေပြန်အမ်းရာတွင် စားပွဲထိုးများနှင့် ဆောင်ရွက်ခြင်း မပြုစေဘဲ သီးခြားဝန်ထမ်း များအား တာဝန်ပေးရန်၊ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း(MASK)၊ မျက်နှာကာ ၊ခါးစည်းရှေ့ကာ၊နှင့် လက်အိတ်စည်တို့ကို ဝတ်ဆင်စေရန်နှင့် ခါးစည်းရှေ့ကာများကို မကြာခဏ လဲလှယ်ပေးရန် တို့ကိုလိုက်နာ ဆောင်ရွက်လိုအပ်ကြောင်း မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင့်လွင်က တိုက်တွန်းမှာကြားခဲ့သည်။
ထန်းဖုန်(ပြန်/ဆက်)