ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ထီးလင်း   နိုဝင်ဘာ  ၂၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းတောင်ကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့် က လူနေအိမ် တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောင်းတောင်ကျေးရွာနေ ဦးသိန်းထွန်း နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် အနီးရှိ ဝါးထရံသို့ ကူးစက်လောင်ကျွမ်းပြီး အလျား ၂၄ ပေ၊ အနံ ၁၆ ပေ ရှိ သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါမီးလောင်ရာသို့ ထီးလင်း မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဘီးရာမှိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး တို့က မီးငြှိမ်းသတ် ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)