ဘားအံ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကမ္ဘာ့နိုင်များ၌ ကူးစက်ပျံနှံလျက်ရှိသည့် ကိုဗစ်-၁၉ လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ် နှင့် ပတ်သက်၍ စောင့်ကြပ်ကြည့်ရှု့သည့် လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ တတိယပတ်ခန့်မှစ၍ Microplan များ ရေးဆွဲ၍ Mask Campaign များပြုလုပ်ခြင်း၊ ရပ်ကွက်၊ကျေးရွာများတွင် အသံချဲ့ စက်များဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ထုတ်ပြန်ချက်များ အားလိုက်လံဆော်ဩပေးခြင်း၊ ဘားအံမြို့ ဝင်ထွက်ဂိတ်များနှင့် ဆေးရုံအခြေပြု၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း စသည်ဖြင့် ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့၏ လူစည်ကားရာ ဈေးများ၊ လမ်းများ၊ မြို့ဝင်ထွက်ဂိတ်များနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ပညာရေး၊ လူမှုဝန်ထမ်း၊ မီးသတ်၊ ရဲ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ သူနာပြုနှင့်သာဖွား အသင်းတို့ပူးပေါင်း၍ Mask Campaign များကို နေ့စဉ် မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဆောင်ရွက် လျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များအား အသိပညာပေး နှိုးဆော်ပေးခြင်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရ သည်။
အလားတူ မြို့ဝင်ထွက်ဂိတ်များနှင့်သတ်မှတ်နေရာများတွင် ကုန်တင်ကား ယာဉ်မောင်း/ယာဉ်နောက်လိုက် များ အား RDT test kit ဖြင့် ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူများကို ဓာတ်ခွဲစစ်ဆေးပေးခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဘားအံမြို့နယ်တွင် မေလ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၆ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့အတည်ပြုလူနာ ၃၀၃ ဦးရှိပြီး ၆ ဦးသေဆုံးခဲ့ကာ ယခုအခါ ဘားအံပြည်သူဆေးရုံ၊ ဘားအံတိုင်းရင်းဆေးရုံ (Covid Center)နှင့် ဘားအံပညာရေး ကောလိပ်(Covid Center)တို့တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ် ၁၉ အတည်ပြုလူနာ ၆၉ ဦးရှိနေကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန Facebook Page မှတစ်ဆင့် သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)