တွံတေး နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို တွံတေး စည်ပင် သာယာ မြို့မစျေး ကြီးနှင့်၊ ဗောင်းတော်ချုပ်ဘုရားလမ်းဆုံတို့၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ပျံနှံမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာရာ တွင် လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီ နေထိုင် သွားလာရန် ညွှန့်ကြား ထားရှိသော်လည်း တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွားလမ်းလာများ၊ စျေးများတွင် အချို့ Mask မတပ်ခြင်းရှိသူများအား ဒဏ်ကြေးငွေ (၁၅၀) ကျပ် Mask တန်ဖိုး ၅၀ ကျပ်နှစ်ခုပေါင်း (၂၀၀) ကျပ်သတ်မှတ် ကောက်ခံလျက် Mask ဖြန့်ဝေ တပ်ဆင်စေရေး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များက နေ့စဉ် ဆောင်ရွက်လျက်ရှိရာ စစ်ဆေးဆောင်ရွက်နေစဉ် အတွင်း ကျား (၂၅) ဦး၊ မ(၅) ဦးကို ဒဏ်ကြေးငွေရိုက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
Mask များ ဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာ ပြည်သူများ Mask တပ်ဆင်ခြင်း မရှိသူများ အား Mask များ ဝယ်ယူ တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)