သဲကုန်း နိုဝင်ဘာ ၂၈
၂၀၃၀-ပြည့်နှစ်တွင် မွေးကင်းစကလေး သေဆုံးမှုနှုန်းအရှင်မွေး ၁,၀၀၀ လျှင် (၁၂) ယောက်နှင့် အောက်သို့ ကျဆင်းရေးနှင့် အသက် ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်း အရှင်မွေး ၁,၀၀၀ လျှင် (၂၅) ယောက်နှင့် အောက်သို့ ကျဆင်းရေးအတွက်ဆွေးနွေးပွဲကို ယမန် နေ့က သဲကုန်း မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုးက အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှလှအေးမှ"CDSR data ကို analysis လုပ်ပြီးချိန်မှာ မြို့နယ်ရဲ့ကလေးသေဆုံးမှု နှုန်းကကြောက်ခမန်းလိလိတက်နေတယ် ဆိုတာပါပဲ၊ မိဘကြောင့်လား၊ ရောဂါကြောင့်လား၊ အာဟာရကြောင့်လား၊ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်းမှုလားဆိုတာ ကျွန်မတို့ အဖြေရှာဖို့ လိုအပ်လာပြီဖြစ်ပါတယ်၊ ကိုဗစ်ကာလဆိုပေမဲ့ ယခင်က ထက်ဇွဲလုံ့လဝိရိယ စိုက်ထုတ်ပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက် မှု ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း"စသည်ဖြင့် ဆွေးနွေးခဲ့ သည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျန်းမာ ရေးဝန်ထမ်းများမှ သေဆုံးရခြင်း အကြောင်းရင်းများကို ဖော်ထုတ်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ မွေးကင်း စကလေးနှင့် ကလေးသေဆုံးမှုများအား စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်း စနစ်ကို အလေးထား ဆောင်ရွက်ကြရန်၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှု အဆင့်တွင် အခြေခံမွေးကင်းစ ကလေးနှင့် သေးငယ်သော မွေးကင်းစ ကလေးများကို ပြုစုစောင့် ရှောက်ရန်၊ မကျန်းမာသော မွေးကင်းစ ကလေး များကို အမြန် လွဲပြောင်း ကုသနိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)