စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကုလားပဲမျိုးသန့်မျိုးပွားစံပြကွက်စိုက်ပျိုးရန် မြေနေရာ ရွေးချယ်ခြင်း ကွင်းဆင်းဆောင်ရွက်

စေတုတ္တရာ      နိုဝင်ဘာ      ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကူတော်ကျေးရွာ အုပ်စုတွင်  ကုလားပဲမျိုးသန့်မျိုးပွားစံပြကွက် စိုက်ပျိုးရန် တောင်သူ(၁၁)ဦး၏ လယ်မြေ (၅)ဧကတွင် မြေနေရာ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်အေး နှင့် ကွင်းဝန်ထမ်းများက  ကူတော် ကျေးရွာအုပ်စုရှိ တောင်သူဦးစန်းလင်းပါ တောင်သူ (၁၁)ဦး၏ လယ်မြေ (၅) ဧကတွင် ကုလားပဲမျိုးသန့်မျိုးပွားစံပြကွက်စိုက်ပျိုးရန် မြေနေရာ ကွင်းဆင်း ရွေးချယ်ဆောင်ရွက်ခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်း၊ ကုလားပဲမျိုးသန့်မျိုးပွားစိုက်ပျိုးရာတွင် သိရှိရမည့်အချက်များ၊ ကုလားပဲမျိုးသန့်မျိုးပွားစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်း ကုလားပဲမျိုးသန့် မျိုးပွား စံပြကွက်(၅)ဧကနှင့် ကုလားပဲမျိုး(၃)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် (၁)ဧက စိုက်ပျိုး သွားမည် ဖြစ်ရာ တောင်သူများအနေဖြင့် ကုလားပဲ မျိုးသန့်မျိုးပွား စိုက်ပျိုး ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဒေသတွင်း မျိုးကောင်း မျိုးသန့် များဖြန့်ဖြူးပေးနိုင်ခြင်းနှင့် ဈေးကောင်း ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)