လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ နှာခေါင်စည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် စနစ်တကျ တပ်ဆင်ခြင်းမရှိသူများအား အရေးယူဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  နိုဝင်ဘာလ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျ စေရေး နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများ၌ ယနေ့နံနက် ၈  နာရီခန့်က မြို့နယ်စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အတွင်းပဒံကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာ ရေး အသိပညာပေးခြင်းနှင့် စနစ်တကျတပ်ဆင်ခြင်းမရှိသူများအား အရေးယူ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ အတွင်း သွားလာလျက်ရှိသော  ပြည်သူများအား  နှာခေါင်းစည်း Maskများကို မေးစေ့တွင်မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာ ဈေးဝယ်ကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန် နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကြရန် အသိပညာပေး ဆောင်ရွက်သည်။

ထို့နောက် အတွင်းပဒံကျေးရွာအတွင်း  နှာခေါင်းစည်း Mask များအား တပ်ဆင်ခြင်း မရှိသူများနှင့် နှာခေါင်းစည်း Mask များကို နှာခေါင်းနှင့် ပါးစပ်တို့တွင်  စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ မေးစေ့တွင်ချိတ်၍ သွားလာလျက်ရှိသူ (၄၅)ဦးအား တစ်ဦးလျှင် ငွေကျပ် (၂၀၀)နှုန်းဖြင့် ကောက်ခံ အရေးယူခဲ့ကြောင်းသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)