ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူငွေများနှင့် အရက်ပြန် (၅) ပုံးကို ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက် မပြတ် ခေါ်ယူပို့ဆောင် ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် အတွက် ကွယ်လွန်သူ ဆရာကြီး ဦးရှိန်မြင့်၊ မြန်မာ နိုင်ငံကြက် ခြေနီအသင်း၊ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး(ငြိမ်း)အား ရည်စူး ၍ လှိုင်သာယာ မြို့နယ်၊ ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးထွန်းဝေမှ အလှူငွေ(၄)သိန်းနှင့် ရွှေမြန်မာ အဖျော်ယမကာ Company Limitedမှ ငွေကျပ်(၁)သိန်းခွဲတန်ဖိုးရှိ အရက်ပြန်(၅)ပုံးတို့ကို လှူဒါန်းရာ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစည်သူဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြား ခဲ့သည်။
ကြက်ခြေနီအသင်းခွဲ အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်း ရှိ Quarantine Center (၆) ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)