မုံရွာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တတိယပတ်ကုန်အထိ ယာဉ်တိုက်မှု(၇၄)ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၃၀) ဦး အထိရှိခဲ့

မုံရွာ နိုဝင်ဘာ ၂၈

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ  နိုဝင်ဘာလ (၂၂)ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်တွင် ယာဉ်တိုက်မှု (၇၄) မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၃၀)ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၉၇)ဦးထိ ရှိခဲ့ကြောင်း အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့စု မှူး ဒုရဲမှူး ယဉ်မောင်ဦးထံမှ သိရသည်။

မုံရွာမြို့တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ၎င်းယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်သည့် ယာဉ်တိုက် မှု (၆၃)ကြိမ်အထိ ဖြစ်ပွားကာ သေဆုံးမှုအများဆုံး ရှိခဲ့ကြောင်း အမှတ်(၁၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မုံရွာ)မှူးရုံး၏ မှတ်တမ်းများ အရ သိရသည်။

“ယာဉ်တိုက်မှုဖြစ်ပွားတာတွေကို ပြန်ကြည့်မယ်ဆိုရင် မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ယာဉ်တိုက် မှုက အများဆုံး ဖြစ်ပွား နေတာကို တွေ့ရတယ်၊ တပ်ဖွဲ့ဝင်တွေ ရပ်ကွက်တွေက အုပ်ချုပ်ရေးအဖွဲ့တွေ လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းပြီး အသိပညာ ပေးတာတွေ လုပ်ဆောင် ပေးပေမဲ့ တစ်ဦးချင်း စည်းကမ်း လိုက်နာမှု အားနည်းတဲ့အတွက် အခုလိုဖြစ်နေ တာလို့ ပြောချင်ပါတယ်၊ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်လာရင် ပထမဆုံးထိခိုက်မှာက မိမိ ကိုယ်တိုင် ဖြစ်တာကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းတွေကို တိတိကျကျ လိုက်နာကြစေလိုပါတယ် ” ဟု အမှတ်(၁၁၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(မုံရွာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မောင်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်တစ်ခုလုံးတွင် မုံရွာမြို့၌ ယာဉ်တိုက်မှု (၁၉၇)မှုရှိခဲ့ရာ ဆိုင်ကယ်နှင့် ပတ်သက်သည့် ယာဉ်တိုက်မှု (၁၃၆)မှုထိရှိခဲ့ပြီး ယာဉ်တိုက်မှုအားလုံးတွင် သေဆုံးသူ (၅၂) ဦး ထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၂၂၉) ဦးအထိ ရှိခဲ့ကြောင်း အမှတ်(၁၁၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (မုံရွာ) မှ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)