မိုးရေကြောင့် ထိခိုက်ပျက်စီးသွားသည့် သီးနှံခင်းများ ပြန်လည်စိုက်ပျိုးထား

ဂန့်ဂေါ နိုဝင်ဘာ ၂၈

အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတို့တွင် သည်းထန်စွာရွာသွန်း သော မိုးရေကြောင့် ဂန့်ဂေါမြို့နယ်အတွင်း မြစ်ချောင်းများ ရေလျှံသဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ရာ ထိခိုက် ပျက်စီးသော သီးနှံများအား ပြန်လည်စိုက်ပျိုး ထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးအပါအဝင် ထောပတ်ပဲ၊ ပဲတီစိမ်း၊ စွန်တာနီ၊ ပဲယင်း၊ ပဲနောက် စသည့် ဆောင်းသီးနှံများ၊  စုစုပေါင်း သီးနှံ (၁၀)မျိုး စိုက်ဧက (၁၀၅၃) ဧက ထိခိုက်ပျက်စီးခဲ့ရာ မိုးစပါး ပျက်စီးဧက (၃၂) ဧကနေရာတွင် စားတော်ပဲ (၂၂)ဧကနှင့် ကုလားပဲ (၁၀) ဧကကို လည်းကောင်း၊ အခြား ဆောင်းသီးနှံ စိုက်ခင်း နေရာများတွင် မူလသီးနှံကို ပြန်လည်၍လည်းကောင်း၊ စားတော်ပဲနှင့် ပဲယင်းကို အစားထိုး၍ လည်းကောင်း ပြန်လည်စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးက ပြောသည်။

ပြန်လည်စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုအခြေအနေကို သိရှိနိုင်ရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှု ပြုနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေး တာဝန်ခံ ဦးသူရဇော်နှင့် ဝန်ထမ်းများသည် ယနေ့တွင် တောင်ယာပြင်ကျေးရွာနှင့် ကျွန်းဒတ် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ရေကြီးနစ်မြုပ်သဖြင့် ပြန်စိုက်သည့် ပဲနှင့် မြေပဲသီးနှံ များတွင် ပင်ရင်းပုပ်ရောဂါ ကျရောက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းတတ်စေရန် တောင်သူ များနှင့် ပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တောင်သားမောင်သန်း