တာမွေမြို့နယ်တွင် ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၉

တာမွေမြို့နယ်အတွင်းရှိ  ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့်  လူ့စွမ်းအား အရင်းအမြစ်များအဖြစ်  ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍  ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကိုယနေ့  နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ  ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း လုပ်ဆောင်၍ ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိအခြေအနေတွင် ခြင်အန္တရာယ် ကင်းဝေးစေရေးကို ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကလည်း အမှာစကားပြောကြားရာတွင် ပြည်သူများအကြား၌  ကျန်းမာရေးသည်    အလွန်အရေးကြီးသော အခန်းကဏ္ဍမှာ ရှိကြောင်း၊ အထူးသဖြင့် ခြင်အန္တရာယ် အလွန်အရေးကြီးကြောင်း၊ ခြင်နှင့်ပတ်သက်ပြီး အထူးဆောင်ရွက်ရန်နှင့် လုပ်ငန်များဆောင်ရွက်ရာတွင် အသွင်သဏ္ဍန် အနှစ်သာရပြည့်ဝဖို့လိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ  နှင်းလဲ့ရည်ကလည်း  အသိပညာပေး ကာကွယ်ဆေးထိုး/ ဆေးတိုက် လုပ်ငန်းများကို လူအုပ်စုတိုင်းရောက်ရှိ၍  ကာကွယ်ဆေးထိုး ပေးခြင်း ဆောင်ရွက်ပေးကြောင်း၊ ကာကွယ်ဆေး(၁၁)မျိုးကို  မြို့နယ် ဒေသန္တရရုံးတွင် ထိုးနှံ ပေးနေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး(၂)မျိုး ထိုးပေး​ခြင်းကို လစဉ်လဆန်း (၁)ရက်နေ့မှ လဆန်း(၇)ရက်နေ့အထိ ထိုးနှံပေးလျက်ရှိကြောင်း၊ အပတ်စဉ်  ကြာသပတေးနေ့တိုင်းတွင် လည်းကာကွယ်ဆေးများထိုးနှံပေးကြောင်းနှင့် ရပ်ကွက်များသို့ ကွင်းဆင်း၍ လည်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  NGO အဖွဲ့အစည်းများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

မို့မို့အောင်