ကျောက်တန်း နိုဝင်ဘာ ၂၉
ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများလျှော့ချနိုင် စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီမှ စတင်ကာ ကျေးရွာအတွင်းလိုက်လံပြီး စုပေါင်းအမှိုက်သိမ်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြန်မာ့ဂုဏ်ရည်အမှိုက်ကင်းစင်ရေးအသင်းသူ/သားများနှင့် ပြည်သူများက ကျေးရွာအတွင်း လမ်းများတလျှောက် စုပေါင်း အမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အမှိုက်ကောက် ပြည်သူများအား ကျေးရွာမှပြည်ပ နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော စေတနာရှင်များက ခေါက်ဆွဲကြော် အာဟာရဒါနများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
“ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာ တွေ ထိခိုက်ပျက်စီးမှုလျော့ပါးစေရေးနှင့် အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်များ ဖြစ်တည် လာစေရန်နှင့် စုပေါင်း ဆောင်ရွက် တတ်တဲ့ အလေ့အကျင့်များ ရရှိလာအောင်ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပြီး ဒီတပတ်ကတော့ (၅၈)ကြိမ်မြောက် ဆောင်ရွက် ခြင်ဖြစ်ပါတယ်”ဟု မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေးအသင်းသား တစ်ဦးက ပြောကြားသည်။
ခင်ဆွေဝင်း (ကျောက်တန်း)