ဆောမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ဆေးရုံဆင်းခွင့် ရရှိ

ဆော နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာဖြစ်သည့် ဆောမြို့နယ် ငလယ်ခုံကျေးရွာမှ အသက် ၂၉ နှစ်အရွယ် သီလရှင် ဆရာလေးတစ်ပါးနှင့် လောင်းရှည်ဒေသမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့် ရရှိသူ(၂)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်နှင့် တာဝန်ရှိသူများက ဆေးရုံ ဆင်းပြီးနောက် နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာရန်မှာကြားပြီး အားပေးစကားပြောကြားသည်။

ဆောမြို့နယ်တွင် ယင်းဆေးရုံဆင်းခွင့်ရရှိသူ(၂)ဦးသည် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်ကာ ဆေးရုံဆင်းသတ်မှတ် ရက် ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်တာကြောင့် ဆေးရုံဆင်းခွင့် ပြုလိုက်တာ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဇော်မျိုးသန့်(ဆော)