မင်းဘူး နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကျင်းပဖြစ်မည်မ ဟုတ် ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
ဘုရားပွဲတော်ကျင်းပသည့်နှစ်များတွင် ပွဲတော်မစတင်မီ မန်းချောင်းရေလမ်းကြောင်းလွှဲခြင်း၊ မန်းချောင်း တံတားများ ဆောက်လုပ် ခြင်း၊ ဆိုင်ခန်းနေရာနှင့် တည်ခိုဆောင်နေရာများ ဆောက်လုပ် ခြင်းများကို နိုဝင်ဘာလ (တန်ဆောင်မုန်းလ) ထဲတွင် ပြင်ဆင် ဆောင်ရွက် ကြကြောင်း၊ မန်းရွှေစက် တော်ဘုရားပွဲတော်ကို ယခင်နှစ် ပွဲတော်ကျင်း ဆဲ အချိန်၌ပင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်သိမ်း ခဲ့ရကြောင်း၊ ဖွင့်ပွဲ/ပိတ်ပွဲ များကိုလည်း ရှေးအစဉ်အလာရိုးရာမပျက် ပြုလုပ်ရကြောင်း သိရသည်။
“ခြေတော်ရာဖွင့်လှစ်တာကတော့ ဒေသရဲ့ ဒလေ့ထုံတမ်းအစဉ်အလာအရ ဖွင့်လှစ်ပေးရတဲ့ ဒလေ့ရှိတဲ့အတွက် နှစ်စဉ်တပို့တွဲ လဆန်း ၅ ရက်နေ့မှာ မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော် ကြီးများက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနဲ့ အောက်ခြေတော်ရာ ဖန်အုပ်စောင်းကြီးကို အကျဉ်းချုံးပြီး ဖွင့်လှစ်သွားမှာပါ။ ဘုရားဖူးမျှော်ခွင့် ကတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အပေါ် မူတည်ပြီး ဘုရားဖူးခွင့် ပြု/မပြု သိရမှာပါ။ မန်းရွှေစက်တော် ဘုရားကြီးက မြန်မာနိုင်ငံရဲ့ (က) စားရင်းဝင် ဘုရားကြီးဖြစ်ပါတယ်။ အခုလောလော ဆယ်တော့ ပိတ်ထားတယ်။ လုံခြုံရေးအနေနဲ့က ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေ့နဲ့ ဘုရားဝန်ထမ်းတွေက လှေတင်တံတားထိပ်ကနေ နေ့စဉ်အလှည့်ကြ တာဝန်ယူဆောင်ရွက်နေပါတယ်” ဟု မန်းရွှေစက် တော်ရာဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောကြားသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံအတွင်း မြတ်စွာဘုရားရှင် ကြွရောက်တော်မူသည့် ထူးကဲလှသည့် သမိုင်းဝင်ဘုရားပွဲ တော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး မိဘပြည်သူများဖြင့် နှစ်စဉ်စည်ကား များပြားစွာ လာရောက်ဖူးမျှော်ကြကြောင်း ဒေသခံများထံမှ သိရသည်။
မောင်မောင်(မင်းဘူး)