ကော့ကရိတ် ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြို့မအုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဘောလုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် ကော့ကရိတ်မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ၂၃ရက်နေ့မှစ၍ ရပ်ကွက်ကျေးရွာများမှဘောလုံးအသင်း(၁၆) သင်းတို့သည် အုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်လာကြပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အမှတ် ၄ ရပ်ကွက်နှင့် နဘူး ကျေးရွာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နဘူးအသင်းမှ (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာပွဲစဉ် တစ်လျှောက်အကောင်းဆုံးဆု၊ အနောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ အရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးသမား အကောင်းဆုံးဆုရရှိသူများကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားများ၊ ပထမဆု၊ ဒုတိယဆုရရှိသည့် အသင်းမှတစ်ဦးချင်းစီကို လည်ဆွဲများ အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက်ပထမဆုရရှိသည့် နဘူးကျေးရွာအသင်းအားဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးထင်လင်းစိုးက ငွေသား ကျပ်(၅)သိန်းနှင့်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းကိုခိုင်မှ ပထမဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့်အမှတ် (၄)ရပ်ကွက် အသင်းအား ငွေသားကျပ်(၃) သိန်းကျပ်ကို နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီးစောသားကြီးက လည်းကောင်းဆုများ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်/ဆက်)