ခရမ်း နိုဝင်ဘာ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ခရမ်း မြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားပွဲတွင်ခရမ်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင် က သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေးနှင့် ရောဂါအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးအဆင့် (၁) ဒေါ်ဥမ္မာဦးက ပုံမှန်ကာကွယ် ဆေး ထိုးတိုက်မည့် အစီအစဉ်တွင် HPV (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအသစ် စတင်ထည့် သွင်းထိုးနှံမည့် အကြောင်း အားရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များပြန်လည် မေးမြန်း ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ တက်ရောက်ခဲ့ကြသည်။
အဆိုပါ HPV ကာကွယ်ဆေးအသစ် ထိုးနှံပေးသွားမည့်အစီအစဉ်အား ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV) အား အသက်(၉)နှစ်မှ (၁၀) နှစ်အတွင်း ရှိအမျိုးသမီးများအားကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ၏ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)