ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာ ကန့်သတ်ထားသူများတွင် အမျိုးသမီး (၂) ဦး ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ပွင့်ဖြူ        နိုဝင်ဘာ        ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရသူများတွင် အမျိုးသမီး(၂)ဦး ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီး ဌာနမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ (၂)ဦးမှာ နိုဝင်ဘာ (၂၀)ရက်နှင့် (၂၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် များမှ အလုပ်လုပ်ကိုင်ပြီး မိမိတို့ အစီအစဉ်ဖြင့် ကားငှား၍ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ စီစဉ်ထားရှိသော မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ ကြောင်း ၊ နိုဝင်ဘာ (၂၆)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်း Facility Quarantine Centre များမှ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ(၄၃)ဦး အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသား ကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာတွင်  ဓာတ်ခွဲစစ်ဆေးချက် အဖြေ မရရှိဘဲ ကျန်နေခဲ့သည့် အမျိုးသမီး(၂)ဦးဖြစ်ကာ ယနေ့ နံနက်ပိုင်းမှသာ စစ်ဆေးချက်အဖြေများရရှိခဲ့ရာ၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း   မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၂)ဦးမှာ ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာမှ အသက်(၄၀)နှစ် အရွယ် အမျိုးသမီးတစ်ဦး နှင့်  လေးအိမ်ကုန်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။ ၎င်း ပိုးတွေ့လူနာ(၂)ဦးအား မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့ ၊ သမ္မာဆန္ဒကရုဏာရှင် များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့က မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့ (အ.ထ.က) ကျောင်း ယာယီသီးခြား လူနာကုသဆောင်သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးကုသမှုများ ပြုလုပ်ဆောင်ရွက် ပေးထားကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၃၅)ဦးအထိ ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ    ပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ (၂၃)ဦး ရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊(အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၁၂)ဦး ကျန်ရှိနေပြီး လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)