စစ်ကိုင်း နိုဝင်ဘာ ၃၀
စစ်ကိုင်းမြို့၊ မီးရပ်ကွက်ရှိ အိမ်ထောင်စုများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒုတိယအကြိမ် အခြေခံ စားသောက်ကုန်းများ လှူဒါန်းပေးခြင်းကို ယမန်နေ့၊ မွန်းလွဲ (၂) နာရီက အဆိုပါရပ်ကွက်တွင် ကျန်းမာရေးနှင့် အညီ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ဒီမီးရထားရပ်ကွက်မှာရှိတဲ့ ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်းမှာ ဒုတိယ အကြိမ်မြောက် အိမ်ထောင်စု(၁၂၀)ကို တစ်အိမ်ထောင်လျှင် ဆန် (၂)ပြည်၊ ဆီတစ်ဘူး၊ ကြက်ဥ (၁၂) လုံး၊ ငါးသေတ္တာ (၁) ဘူးနဲ့ အသင့်စား ခေါက်ဆွဲတွေကို လှူဒါန်းပေးခြင်း ဖြစ်ပါတယ် ဒီအချိန်မှာ ရပ်ကွက်နေ ပြည်သူတွေအတွက်လည်း တစ်ဖက် တစ်လှမ်းကနေ စားဝတ်နေရေးအတွက် အထောက်အကူပြုစေမှာမှာပါ" ဟု မီးရထားရပ်ကွက် ရွာထောင်ဘူတာ တိုင်း (၂) သွားလာရေး မန်နေဂျာ ဦးသန့်ဇင်ထွန်းက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေများ စဉ်ဆက် မပြတ် ထောက်ပံ့လှူဒါန်းနေသလို သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အလှူရှင် များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် ရပ်ကွက်များတွင် တက်အားသရွေ့ ထောက်ပံ့လှူဒါန်း နေကြကြောင်း သိရသည်။
ဇော်မြင့်နိုင်