ပွင့်ဖြူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး (၁၆)ရက်တာ လှုပ်ရှားမှု ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့တွင်း လေးတိုင်စင် မီးပွိုင့်လမ်းဆုံ အနီး ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး(၁၆)ရက်တာ လှုပ်ရှားမှု ပိုစတာဆိုင်းဘုတ်တွင် “ကလေးသူငယ်များ ရင်ခွင်မမဲ့ဖို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့ သီးသန့်ရန်ပုံငွေ ထားရှိလို့ အချက် အလက်ကောက်ယူစို့” ခေါင်းစဉ်ဖြင့် အမျိုးသမီးများနှင့် ပတ်သက်ပြီး အသိပညာပေး သရုပ်ဖော်ထားသော ကာတွန်းများနှင့် အကူအညီလိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များ ပါဝင်ကြောင်း သိရပြီး ဆိုင်းဘုတ် စိုက်ထူခြင်းကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တို့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အမျိုးသမီးများအပေါ် မတော်မတရား အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးအတွက် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်းဇောင်းကျေးရွာ ၊ ဆည်တော်ကျေးရွာ ၊ ကျောင်းတော်ရာ ကျေးရွာတို့တွင် ဆက်လက်စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဉက္ကဌ ဦးညွန့်ဝင်း ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )