ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျော ဒီဇင်ဘာ ၁

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဂန့်ဂေါမြို့နယ် ပုံတောင်၊ ပုံညာတောင်ဒေသ ကျောမြို့တွင် မြို့ဝင်၊ မြို့ထွက် နေရာများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်ထားရာ သွားလာသည့် ခရီးသည် များအား ရောဂါပိုးရှိမရှိ စစ်ဆေးသည့်အပြင် ကျန်းမာရေးအထောက်အကူပြုနိုင်ရန် ဆွေးနွေး ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ကုသရေး ကျောမြို့ အဆင့်ကော်မတီ၏ အစီအစဉ်ဖြင့် ဂိတ်များဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောမြို့ဖြတ် ပုလဲ- ဂန့်ဂေါ ကားလမ်းတွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ ၊ ခရီးသွားပြည်သူများအား ရောဂါ ကာကွယ်ရေး အကောင်းဆုံးထိန်းချုပ်နိုင်ရန် စစ်ဆေးဆောင်ရွက်၍ စစ်ဆေးပြီးမှသာလျင် ဆက်လက် ထွက်ခွါစေခြင်းဖြစ်ကြောင်း သိရသည်။

“ကျောမြို့ဂိတ်အနေနဲ တာဝန်ကျဂိတ်စောင့်များက ရောဂါကူးစက်မှုမရှိရလေအောင် ဂိတ်အစီအမံ အပြင် ဖြတ်သန်းသွားလာသူများကို စနစ်တကျစိစစ်ခြင်းတို့ဖြင့် အလေးထားဆောင်ရွက် နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦး က ပြောသည်။

တောင်သားမောင်သန်း