ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ စာရင်းပြုစု ထားမှုအား ပြန်လည်စစ်ဆေးခြင်းဆောင်ရွက်

ပန်းဘဲတန်း ဒီဇင်ဘာ ၁

ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စာရင်း ပြုစု‌နေမှုအား မြို့နယ်စိစစ်ရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက စာရင်းများ ပိုမိုပြည့်စုံမှန်ကန်ရေး စိစစ်ခြင်း ဆောင်ရွက်ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုများအား နိုင်ငံတော် အစိုးရမှ ထောက်ပံ့ကြေးများပေးရာတွင်  အမှန်တကယ်ရသင့်ရထိုက်‌သော အိမ်ထောင်စုများ မကျန်ရှိစေရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများပါဝင်သည့် ရပ်ကွက်စိစစ်‌ရေး အဖွဲ့ထံ လာရောက်လျှောက်ထားမှုအပေါ်  ရပ်ကွက်မှ စိစစ်လက်ခံထားမှုကို ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်စိစစ်ရေးအဖွဲ့မှ ရပ်ကွက်အလိုက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စာရင်း ထပ်မံပြုစု တင်ပြခြင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်းပိုမိုပြည့်စုံ မှန်ကန်ရေး အတွက် လိုအပ်နေသေးသောရပ်ကွက်များသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှလည်းထပ်မံ ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထံမှ သိရသည်။

နေခြည် (ပြန်/ဆက်)