မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် စပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြ

ဂန့်ဂေါ ဒီဇင်ဘာ ၁

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ် ၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရဆောင်ရွက် သော ၂၀၂၀ ပြည့်နှစ် မိုးရာသီ ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းများ ကွင်းဆင်းစစ်ဆေး ခြင်း Field Inspection ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရွှေဘိုကျေးရွာ ယောအားမာန်မျိုးစေ့ထုတ်သမဝါယမအသင်းလိမိတက် အသင်းသား တောင်သူ ဦးသန်းဖေ၏ လယ်တွင် ပြုလုပ်သည်။

ကွင်းသရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်မောင်အေးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဖိတ်ကြားထားသော အကျိုးဆောင်တောင်သူများ လာရောက်လေ့လာကြသည်။

အဆိုပါ လေ့လာကြသည့် တောင်သူများအား ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်တို့က ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရခြင်းအကြောင်း ၊ စပါးမျိုးစေ့ ထုတ်လုပ်ခြင်း နည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြကာ ခရိုင် ဦးစီးမှူး နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသည် မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲပါဝင်မှုအခြေအနေ ကွင်းဆင်းစစ်ဆေးကြသည်။

ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ် စိုက်ခင်း (၄၆၀)ဧက ကို ကျေးရွာ (၁၀)ရွာတွင် စိုက်ပျိုးဆောင်ရွက်၍ အပင်ပွားစည်းချိန် ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်း၊ ဒုတိယအကြိမ်အဖြစ် အနှံစုံချိန်နှင့် တတိယအကြိမ်အဖြစ် အနှံရင့်မှည့်ချိန်တို့တွင် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားကာ ဆန်နီ၊ မျိုးကွဲ အပင်နှင့် လက်မခံနိုင်သည့် ပေါင်းပင်၊ ပိုးမွှားရောဂါကျအပင်များ ကင်းစင်ကြောင်း တွေ့ရှိရမှ သာ မျိုးစပါးအဖြစ် ရိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း