ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၇၁) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ်များရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့ထားသူ Primary Contact (၅၀) ဦးအား Rapid Diagnosis Test ( RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၆) ဦး ရှိခဲ့သည်။ ထို့နောက် အနံ့ပျောက်သူ (Anosmia) (၂၁) ဦးအား PCR Test ဖြင့် စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဆက်လက်ပို့ဆောင်ပေး ခြင်းနှင့် RDT စစ်ဆေးမှုမှ ရောဂါပိုးတွေ့ရှိသူ(၆)ဦးအား ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေးအတွက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ သိမ်ဖြူလက်ဝှေ့ရုံ တွင် အသွားအလာကန့်သတ်ထားသူ (၇၁) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ / မရှိ စစ်ဆေးခြင်းများအား မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် Swab Team မှ ဒေါက်တာဟေမာဇော်၊ ဒေါက်တာမိုးမြတ်နိုး၊ မြို့နယ် သူနာပြုဆရာမကြီး ဒေါ်မိုးသီတာဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သီတာနှင့် ကျန်းမာရေး ကြီးကြပ်(၂) ဝန်ထမ်း (၃) ဦးတို့မှ ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)