လိပ်သိုမြို့ အတွင်းရှိ ကျေးရွာများတွင် ၀က်၀မ်းကျ ကာကွယ်ဆေးများ လိုက်လံထိုးပေး

လိပ်သို  ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံရခြင်းမှာ နော်ပလော်ခေါကျေးရွာနှင့် သစ်ခေါင်းကျေးရွာတို့တွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ မိသားစု၀င်ငွေတိုးပွားကာ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံပေး ရခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ၀က်များအား ၀က်၀မ်းကျရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ အသိပညာပေးခြင်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာနော်ကလယ်ဂေထူး ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)