မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ အားလပ်ချိန်တွင် အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေး အထောက်အကူ ပြုစေရန် အားကစားလေ့ကျင့်ခန်းပစ္စည်းများ တပ်ဆင်ထားရှိမှုအား ပြည်သူများ လာရောက်လေ့ကျင့် အပန်းဖြေ

ပွင့်ဖြူ     ဒီဇင်ဘာ      ၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေ နိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်မှုဖြင့် ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် အားကစားလေ့ကျင့်ခန်းများ စီစဉ်ဆောင်ရွက်ထားရှိပေးထားရာ  ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက နံနက်စောစော လမ်းလျှောက်ရင်း လာရောက်လေ့ကျင့်အပန်းဖြေနေကြသည်ကို တွေ့ရသည်။

အဆိုပါ အားကစားလေ့ကျင့်ခန်းပစ္စည်းများတွင် ဒေသခံပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးအတွက် အထောက်အကူပြုစေရန်အတွက် အပန်းဖြေလေ့ကျင့်နိုင်သည့် အားကစား လေ့ကျင့်ခန်း (၁၁)မျိုး တပ်ဆင် ဆောင်ရွက်ထားရှိပေးထားကြောင်း သိရပြီး  ၎င်း အားကစားပစ္စည်းများ တပ်ဆင်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် နန့်ခမ်းမြို့မှ (GSY – Golfer) ညီအစ်ကိုများ ၊ ပွင့်ဖြူမြို့၊ တိမ်အလှ လျှပ်စစ်ကုမ္ပဏီ ၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် စေတနာအလှူရှင်များ၏ စုပေါင်း ထည့်ဝင်လှူဒါန်းငွေကျပ် ၂၄ သိန်း ဖြင့် ဝယ်ယူတပ်ဆင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် ကျောင်းနေ အရွယ်ကလေးများက ကျန်းမာရေးအတွက် နံနက်စောစော လမ်းလျှောက်ထွက်ရင်း အားကစားလေ့ကျင့်ခန်းပစ္စည်းများကို အားပါး တရ အပန်းဖြေလေ့ကျင့်ကစားခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ ပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်၍ မည်သူမဆို လာရောက်အပန်းဖြေ အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ထံက သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )